ကြားသိရသမှ

ဆင်းရဲနွမ်းပါး ကလေးငယ်များအတွက် မြန်မာပြည်မှာကျောင်းဆောက်ကြမယ်

စာသင်ကျောင်းမရှိတဲ့ ကျေးလက်က ကလေးတွေ အတွက် အိမ်နဲ့အလှမ်းဝေးတဲ့ ဒေသကကျောင်းကို ပညာသင်ဖို့ နေ့စဉ်သွားတက်ရတာဟာ စွန့်စားမှုတစ်ခုပါပဲ။မိုးတွင်းရောက်ပြီဆို တောင်ပေါ်ဒေသက ကလေး တွေကို ချောပြီးပျက်စီးနေတဲ့ တောင်အဆင်းလမ်းတွေက အန္တရာယ်ပေးနိုင်သလို မြစ်ကိုကူးပြီး လှေကလေးနဲ့ ကျောင်းသွားရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက ကလေးတွေအတွက်လည်း လှိုင်းထန်တဲ့နေ့တွေက သက်စွန့်ဆံဖျား ပညာသင်နေ့ရက်တွေပါ။

ပညာရေးကိုအလေးထားတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ အမေရိကန်နိုင်ငံသား ရောဘတ် ကွန်းဝဲလ် (Robert Cornwell) က သူ့ရဲ့ မြန်မာပြည်ကိုအလည်လာ တဲ့ ခရီးစဉ်အတွင်း ဒီအခက်အခဲတွေကို သတိထားမိခဲ့ပြီး ကျောင်းမရှိတဲ့ကျေးလက်က ကလေးတွေအတွက် တစ်ခုခု လုပ်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

”၁၉၉၆ ခုနှစ်က ကျွန်တော်မြန်မာပြည်ကို ပထမဆုံး အကြိမ်ရောက်တော့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ပေါ်ရွာလေးတွေကို လမ်းလျှောက်ကြည့်ခဲ့ပါတယ်။

တိုင်းရင်းသားတွေနေတဲ့ ရွာတိုင်းနီးပါးမှာ ကျောင်းမရှိကြသလို ရှိခဲ့ရင်လည်း သက်ငယ်မိုးထားတဲ့ တဲသာသာကျောင်း ကလေးတွေကိုပဲ တွေ့ခဲ့တယ်။ မိုးတွင်းမှာဆို ကျောင်းသွားရတာ အန္တရာယ်များလှပြီး ကျောင်းကသက်ငယ်မိုးထားတဲ့အတွက် မိုးက ယိုပြန်တယ်”လို့ ရောဘတ်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ရောဘတ်ရဲ့ အဖွား၊ အဖေနဲ့ အမေ သုံးဦးစလုံးက ကျောင်းဆရာ၊ ဆရာမတွေဖြစ်ကြပြီး ပညာရေးကို ဦးစားပေးတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာသူပီပီ သူက ကလောမြို့အနီးက ဓနုတိုင်းရင်းသားတွေ နေတဲ့ နန့်အောင်ကျေးရွာမှာ ကျောင်းဆောက်ပေးဖို့ သန္နိဌာန်ချခဲ့ပါတယ်။

ကျောင်းမရှိတဲ့ ကျေးရွာတွေမှာ ကျောင်းဆောက် ပေးဖို့ သူ့ကို ပိုပြီးတွန်းအားပေးနေတဲ့ အကြောင်းက လည်း ရှိလာပြန်ပါတယ်။

”ကျွန်တော်မှတ်မိတာတစ်ခုက ကလောက ရွာတစ်ရွာမှာ ကျွန်တော်ရောက်နေတုန်း ကျွန်တော်သိတဲ့ ရွာသားတချို့က အသနားခံစာတစ်စောင်နဲ့ ရွာကို ရောက်လာတယ်။ ရွာသားတွေအကုန်လုံး အထောက်အထားစာရွက် မှာ လက်မှတ်ထိုးကြပါတယ်။

လက်မှတ် သုံးပုံနှစ်ပုံက ကြက်ခြေခတ်တွေ ဖြစ်နေတယ်။ ကလေးတွေသာ စာမဖတ်တတ်၊ မရေးတတ်ဘဲ လူလားမြောက်ခဲ့မယ်ဆို ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာကို ကျွန်တော် တွေးမိ တယ်” လို့ သူကပြောပါတယ်။မြန်မာပြည်မှာ ကျောင်းဆောက်ကြမယ်ဆိုတဲ့အဖွဲ့လေးကို ငွေကြေးလှူဒါန်းပေးသူတွေထဲမှာ မြန်မာပြည်ကိုရောက်ဖူးပြီး သံယောဇဉ်ဖြစ်ခဲ့ကြတဲ့ နိုင်ငံခြားသားတွေပါသလို အမေရိကန်နိုင်ငံ…

ရှမ်းပြည်နယ်မှာ ပညာရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ပေးနေတဲ့ Rural Development Society အဖွဲ့ရဲ့ အကူအညီနဲ့ ပထမဆုံးအခြေခံပညာ မူလတန်းကျောင်းလေးကို နန့်အောင်မှာ ၂ဝ၁၁ ခုနှစ်ကဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

ကျောင်းဆောက်ဖို့ ကုန်ကျစရိတ်တွေကို သူ့ရဲ့ပင်စင်လစာထဲက စိုက်ထုတ်သလိုသူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေကလည်း အလှူငွေတွေ ကောက်ခံပေးကြပါတယ်။

”ပထမတော့ ကျွန်တော်က အဲဒီရွာကလေးမှာ ကျောင်းတစ်ကျောင်း ဆောက်ပေးဖို့ စိတ်ကူးခဲ့တာ။ ကျောင်းဆောက်ပြီးတော့ အလှူငွေတွေ ပိုနေတာနဲ့ နောက်တစ်ကျောင်းကို ထပ်ဆောက်ရင်း ခုဆို ၄၅ ကျောင်းရှိခဲ့ပြီ” လို့ သူကပြောပါတယ်။

သူတို့အဖွဲ့လေးကိုလည်း ‘မြန်မာပြည်မှာ ကျောင်း ဆောက်ကြမယ်’ လို့ အမည်ပေးခဲ့ပါတယ်။ ဒီအဖွဲ့ တည်ဆောက်ပေးခဲ့တဲ့ ကျောင်းတွေဟာ ကချင်၊ ရှမ်း၊ ဓနု၊ တရို၊ ဗမာ၊ ပလောင်၊ ရခိုင်၊ လီဆူ၊ လားဟူနဲ့ ကရင်တိုင်းရင်းသားတို့နေထိုင်ရာ

ရန်ကုန်၊ ပဲခူး၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ပြည်၊ ရခိုင်၊ ကချင်၊ ရှမ်းမြောက်နှင့်တောင်ဘက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေမှာ တည်ရှိပါတယ်။

”ရွာမှာ ကျောင်းမရှိတော့ မိဘတွေနဲ့ခွဲပြီး မြို့တွေမှာ အဆောင်နေပြီး ကျောင်းတက်ရတယ်။ ငယ်ရွယ်တဲ့ အချိန်မှာ မိဘနဲ့ခွဲပြီး အဝေးကြီးမှာ သွားနေရတာကို မြင်ရတော့ အတော်လေး စိတ်ထိခိုက်တယ်။

ဒီလိုမှ မလုပ်ရင်လည်း သူတို့တစ်တွေ ပညာတတ်လာမှာ မဟုတ်ဘူးလေ။ ကလေးတွေက မိဘတွေနဲ့လည်း ခွဲခွာစရာမလိုဘဲ ပညာသင်ယူ နိုင်ဖို့ ကျွန်တော့်မှာ ရည်ရွယ်ချက်ရှိပါတယ်” လို့ သူ့ရဲ့ စိတ်ကူးကို ပြောပြ ပါတယ်။

မြန်မာပြည်မှာ ကျောင်းဆောက်ကြမယ်ဆိုတဲ့အဖွဲ့ လေးကို ငွေကြေးလှူဒါန်းပေးသူတွေထဲမှာ မြန်မာပြည်ကိုရောက်ဖူးပြီး သံယောဇဉ်ဖြစ်ခဲ့ကြတဲ့ နိုင်ငံခြားသားတွေပါသလို အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်နေတဲ့ မြန်မာလူမျိုးတွေလည်း ပါဝင်ပါတယ်။

တချို့အလှူရှင်တွေကတော့ ကျောင်းတစ်ကျောင်းလုံးအတွက် ကုန်ကျ စရိတ်ကို တစ်ဦးတည်းက လှူဒါန်းပေးကြပါတယ်။ကလေးငယ်တွေရဲ့ ပညာရေးအတွက် မြန်မာပြည်မှာ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်သွားတဲ့ Peace Corps မှစေတနာ့ဝန်ထမ်း အမေရိကန်ဆရာမလေး Abby Hester ကလည်း သူတာဝန်ထမ်းဆောင်သွားတဲ့ ပဲခူးတိုင်းဒေသ ကြီး၊

သနပ်ပင်မြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းမှာ နှစ်ထပ်ကျောင်းဆောင်သစ် တစ်ခုကို သူမပြန်ခင် ဆောက်ပေးခဲ့ပါတယ်။ ကျောင်းဆောင်သစ်ကို ဇွန်လ ၁ ရက်နေ့က ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၂ဝ၁၆ ခုနှစ်မှာ အမေရိကန်အစိုးရက ဦးစီးတဲ့ Peace Corps ကို ပညာရေးလုပ်အားပေးအဖြစ် တာဝန်ထမ်းဆောင်ဖို့ အလုပ်လျှောက်ခဲ့ပါတယ်။ သူက ၂ဝ၁၂ နဲ့ ၂ဝ၁၃ ခုနှစ်မှာ မြန်မာပြည်ကို ရောက်ဖူးခဲ့ပြီး မြန်မာ့ဓလေ့ကို ချစ်မြတ်နိုးတာကြောင့် ပညာရေးလုပ်အားပေးဖို့ မြန်မာပြည်ကို ပထမဦးစားပေးနိုင်ငံအဖြစ် လျှောက်ခဲ့တာပါ။

၂ဝ၁၇ ခုနှစ် မေလကစလို့ သနပ်ပင်အထက်တန်း ကျောင်းမှာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပြီး ပဉ္စမ၊ ဆဌမနဲ့ သတ္တမတန်းကို မြန်မာဆရာမနှစ်ဦးဖြစ်တဲ့ ဒေါ်ခင်မာညိုနဲ့ ဒေါ်ယုယုဝါတို့နဲ့အတူ သင်ကြားပြသပေးခဲ့ပါတယ်။

”ကျွန်မမြန်မာပြည်ကို အရင်က ရောက်ဖူးတယ်။ သူတို့ရဲ့ ပွင့်လင်းပြီး ကြင်နာတတ်တဲ့စရိုက်ကို သဘောအရမ်းကျ ပါတယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေကို လေးစားတတ်တဲ့ ဓလေ့ရှိတာကိုလည်း တွေ့ရတယ်။ ဒီလိုပတ်ဝန်းကျင်မှာ အလုပ်လုပ်ချင်တဲ့ ဆန္ဒရှိခဲ့တာပါ” လို့ Abby Hester က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

”မြန်မာစာသင်ခန်းတွေက အစဉ်အလာအားဖြင့် ဆရာကို ဗဟိုပြုတဲ့ သင်ကြားနည်းမျိုးပါ။ ကျွန်မက ကျောင်းသားကို ဗဟိုပြုတဲ့သင်ကြားနည်း စနစ်သစ်ကို မိတ်ဆက်ကြည့်ပါတယ်။ကျောင်းသားတွေနဲ့ လက်တွဲဖော်ဆရာမ တွေ ဒီစနစ်သစ်နဲ့ အသားကျဖို့အချိန်တော့ အတော်ယူရပါတယ်။ ဆရာမတွေက ကြိုးစားကြပြီး သင်ယူချင်စိတ် ရှိတော့ ဒီစိန်ခေါ်မှုတွေကိုတော့ ကျွန်မတို့ ကျော်ဖြတ်နိုင် ခဲ့ကြပါတယ်” လို့ သူက ပြောပါတယ်။

၂ဝ၁၉ ခုနှစ်၊ မေလမှာတော့ သူ့ရဲ့တာဝန်ပြီးဆုံးပြီး မိခင်ဇာတိကို ပြန်သွားပါတော့တယ်။ သူ မပြန်ခင်မှာတော့ ကျောင်းသားဦးရေတိုးလာတဲ့ သူ့ကျောင်းလေးအတွက် မြန်မာပြည်မှာ ကျောင်းတွေဆောက်ကြမယ်အဖွဲ့နဲ့ ပူးပေါင်းပြီး နှစ်ထပ်ကျောင်းဆောင်သစ်တစ်ခု လှူဒါန်းသွားခဲ့ပါတယ်။

”တချို့ကျောင်းတွေက စာသင်ခန်းတွေမှာ ကျောင်းသားတွေ အပြည့်အသိပ်ပါပဲ။ ကျွန်တော် အခုတစ်ခေါက်မြန်မာပြည်ရောက်တုန်း ရောက်ဖြစ်ခဲ့တဲ့ ကျောင်းလေး တစ်ကျောင်းဆို စာသင်ခန်းတစ်ခန်းထဲမှာပဲ ကျောင်းသား၁ဝဝ ကျော် ရှိတယ်။

ဆရာမတစ်ယောက်တည်းက ကျောင်းသား ၁ဝဝ ကျော်ကို သင်ပေးဖို့ မလွယ်လှပါဘူး” လို့ ကျေးရွာတွေက စာသင်ကျောင်းတွေရဲ့ အခက်အခဲကို ရောဘတ်က ပြောပြပါတယ်။’မြန်မာပြည်မှာ ကျောင်းတွေဆောက်ကြမယ်’ အဖွဲ့ကမူလသက်ငယ်မိုးကျောင်းလေးတွေကို

ကွန်ကရစ်အဆောင်အဖြစ် ဆောက်လုပ်ပေးတဲ့ ကျောင်းတွေလည်း ရှိပြီး ကျောင်းဆောက်တဲ့အခါမှာ ဒေသခံတွေက လုပ်အားအလှူပေးကြပါတယ်။ ကျောင်းအတွက် ဆရာ၊ ဆရာမတွေကိုတော့ အစိုးရက ပံ့ပိုးပေးရတာပဲ ဖြစ်ပါတယ်။

”ကျောင်းနဲ့ အိမ်နဲ့နီးတဲ့အခါကျတော့ ကျောင်းထွက်နှုန်းတွေလည်း လျော့လာတယ်။ ကျွန်တော်တို့ ဆောက်ပေးခဲ့တဲ့ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတစ်ဦးပြောပြတာက အရင်က အိမ်ကနေ ရထားသံလမ်းကို ဖြတ်ပြီး အဝေးကြီးမှာ ကျောင်းသွားတက်ကြရတဲ့ ကျောင်းသူ ကျောင်းသားလေးတွေ မကြာခဏ ရထားအကြိတ်ခံရလို့ သေဆုံးသွားခဲ့ဖူးတယ်။

ခု ဒါမျိုး မကြားရတော့ဘူးလို့ ဆရာမက ပြန်ပြောပြပါတယ်။ ဒါကတော့ ဝမ်းသာစရာပါ” လို့ ‘မြန်မာပြည်မှာကျောင်းတွေဆောက်ကြမယ်’ အဖွဲ့မှာ လုပ်အားပေးနေတဲ့ ကိုနိုင်လင်းဆွေက ဆိုပါတယ်။

Source; The Myanmar Times
လေးစားမှုဖြင့် ခရက်ဒစ်

Loading...
Show More

Related Articles

Back to top button
Close