နာမည်ကြီးပုဂ္ဂိုလ်များ

နှင်းအိအိဝင်းရဲ့စပွန်ဆာ(Vote 77707 အပိုင်း၁)

(A)

“ညီမလေးidol ပြိုင်မယ့်ကုန်ကျစရိတ်တွေကိုကိုကြီးတာဝန်ယူတယ် အဝတ်အစားကြိုက်တာဝယ် ကားတစ်စီးပေးထားမယ် ရန်ကုန်မှာကိုကြီးကွန်ဒိုမှာနေလို့ရတယ် ညီမလေးအောင်မြင်သွားရင်သာ ကိုကြီးစေတနာကို သိတတ်ဖို့ပဲ”အဲယားကွန်းရုံးခန်းကြီးက အေးစက်နေသည်။

(B)

၁၉၅၀ ခုနှစ်များဆီက အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ် လူးဝစ်စဗီးမြို့မှာ လူမည်းကျောင်းသားလေးတစ်ယောက်ရှိခဲ့သည်။သူက ကျောင်းသွားကျောင်းပြန်လေထဲသို့ ဗလာလက်သီးတွေထိုးရင်း ဆော့ကစားသွားလေ့ရှိသည်။လူမည်းကလေးကို လူးဝစ်စဗီးမြို့သားတွေ မှတ်မိနေခဲ့ကြသည်။

၁၉၈၀ခုနှစ်များမှာတော့ မော်လမြိုင်ကမ်းနားလမ်းမှာ ဖြူရော်ရော် မျက်မှန်တပ်လူငယ်လေးတစ်ယောက် ပါးစပ်ကပွစိပွစိတွေရွတ်ရင်းလျှောက်သွားနေတတ်တာ မော်လမြိုင်သားတွေ သတိထားမိခဲ့ကြသည်။

၂၀၁၀လောက်မှာတော့ မြန်အောင်မြို့မှာ ပိန်ရှည်ရှည်ဆံပင် လိမ်ကောက်ကောက် လမ်းလျှောက်ရင်ယောက်ျားလေးတစ်ယောက်လိုကို့ယိုကားယားလမ်းလျှောက်တတ်သော အဖြူအစိမ်းကျောင်းသူလေးတစ်ယောက် ကျောင်းသွားကျောင်းပြန်သီချင်းတွေအော်ဆိုရင်း လျှောက်သွားတာ တွေ့ကြရလေသည်။

အချိန်ကာလသည် လူငယ်တို့၏အိမ်မက်ကို ရှည်လျားသယ်ဆောင်ဖြစ်တည်လာစေခဲ့သည်။လူးဝစ်စဗီးမှလူငယ်လေးက ကက်စီးယပ်ကလေး။နောက်အခါမိုဟာမက်အလီဖြစ်လာသည်။မော်လမြိုင်မှလူငယ်လေးက ဦးအောင်စိုး(ဖရန့်စစ်)ထံဂီတပညာ(ဂစ်တာတီးသင်မဟုတ်)သင်နေသော ကျော်မြင့်လွင်။နောက်အခါထူးအိမ်သင်ဖြစ်လာသည်။မြန်အောင်က ကျောင်းသူလေးကတော့ မြန်မာidolမှ နှင်းအိအိဝင်း(Vote77707)ဖြစ်လာခဲ့သည်။

(C)

“နင့်ကိုတီဗီမှာမြင်ရတော့ မိတ်ကပ်တွေနဲ့ဆိုတော့ မမှတ်မိဘူးဟ နင်ကချောတာလည်းမဟုတ် ရုပ်ဆိုးတာလည်းမဟုတ်”နှင်းအိအိဝင်းနဲ့ ပထမဆုံးဖုန်းပြောတော့ ကျွန်တော်ပြောမိသောစကား။ကျွန်တော့်စကားက ယဉ်ကျေးမှုမပါ။ရိုင်းသွားသည်။

ကျွန်တော့်စိတ်ရင်းက ရုပ်ရည်ကိုမဝန်းရံလို။Fanများသူကို မဝန်းရံလို။ဂီတဝမ်းစာပြည့်သူ ဂီတအားဖြင့် မိသားစုကိုမြှင့်တင်လိုသူ ဘဝတိုက်ပွဲထဲ ဂီတကိုလက်နက်တစ်ခုလိုကိုင်စွဲသော လူငယ်များကိုဝန်းရံအားပေးလိုခဲ့သည်။အားနည်းသူဘက်က ပါချင်တာ နာမည်ကျော်တွေကိုရှောင်ချင်တာ ကျွန်တော့်ဗီဇသာ။နှင်းအိအကြောင်းတွေသိရတော့ ကျွန်တော်ဝန်းရံလိုသော အချက်အလက်တွေနဲ့ အံကိုက်။

သူမကတော့”Fanနည်းရတဲ့အထဲ ရုပ်မချောလို့ အားငယ်တယ်လေးလေးရေ”တဲ့။မနှစ်တုန်းဆီက ဒီစကားပဲ တခြားတစ်ယောက် ကျွန်တော့်ကိုပြောဖူးတာ အမှတ်ရမိသည်။ကျွန်တော်လည်းရုပ်မချောတဲ့ ဂီတသမားအဆိုတော်တွေအကြောင်း ရှင်းပြခဲ့ဖူးသည်။

(D)

နှင်းဆွတ်ပျံ့လေ အေးမြမှိုင်းရီသော ၂၀၀၀ခုနှစ်ရဲ့ ဒီဇင်ဘာ၂၃ ညတွင် ခြံအလုပ်သမားဦးဝင်းမြင့် ဒေါ်နီနီဆွေတို့ရဲ့ ဒုတိယသမီးအဖြစ်နှင်းအိကိုမွေးဖွားခဲ့သည်။သာမန်ကလေးတစ်ယောက်လို မွေးဖွားကြီးပြင်းခဲ့လေသည်။

အသက်(၄)နှစ်လောက်မှာ ဇ ကပြလာသည်။ကလေးချင်းကစားရင် စတိတ်ရှိုးဆိုတမ်း ကစားတတ်လာသည်။သူမက အဆိုတော်။ကျန်ကလေးများက bandအဖွဲ့သားတွေ။အိမ်ကအိုးခွက်ပန်းကန် တံမြက်စည်းတွေက သူတို့instumentတွေ။လော်စပီကာတွေဆီက နားထဲရောက်သမျှတွေက သူတို့သီချင်း။ခေတ်ဟောင်း ခေတ်သစ် ပေါ့ ရော့ခ် ရက် ဘာလာလာ နှင်းအိတို့ပါးစပ်ထဲရောက်သည်။

ကလေးက သီချင်းဆိုဝါသနာကြီးတာတော့အတော်စောစောကတည်းက မိဘတွေသတိထားမိခဲ့ကြလေသည်။နှင်းအိ အသက်ကြီးလာလေလေ သီချင်းတွေ ဆိုတတ်လာလေလေ။သီချင်းတွေလည်း အလွတ်ရနေတတ်သည်။နှင်းအိတို့အရပ်ထဲမှာက မယ်ဒလင်တစ်လက်နဲ့အော်ဂင်တစ်လုံးနဲ့ အရပ်တီးဝိုင်းလေးတစ်ဝိုင်းရှိနှင့်သည်။တိုတိုပြောရရင် အဲ့ဒီဝိုင်းလေးထဲ ၁၂နှစ်သမီးလောက်မှာ နှင်းအိရောက်သွားသည်။ကလေးအဆိုတော် ဘဝ။

မယ်ဒလင်ဝိုင်းမို့ မြန်မာသီချင်းတွေ သာဆိုရလေသည်။မာမာအေး ခင်ညွန့်ရည်မှစ၍ ပိုးအိစံ စိုးစန္ဒာထွန်းထိ။မြန်အောင်တဝိုက်မှာတော့ ကလေးအဆိုတော်အဖြစ်အသံပညာတွေ ခင်းကျင်းပြသခဲ့တာကြာပြီ။လမ်းလျှောက်အလှူခံတွေ မင်္ဂလာဆောင် အလှူအတန်းတွေ ရပ်ကွက်ပွဲလေးတွေမှာ ကြုံသလိုဝင်ဆိုနေခဲ့သော Vote77707၏ဂီတ ခရီးအစ။ရလာသောအနုပညာ ကြေးကမများပေမယ့် မိသားစုကိုတော့ တစ်ဖက်တစ်လမ်းအကူအညီရစေသည်။

(E)

ဒီလိုဖြတ်သန်းရင်း နှင်းအိရဲ့ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲစေခဲ့သူတစ်ဦးနဲ့ ပွဲတစ်ခုမှာဆုံခဲ့လေသည်။သူက ကိုချမ်းကိုနိုင်။ရွှေဂန္တဝင်တေးဂီတအဖွဲ့ရဲ့ ဂီတမှူး စန္ဒရားချမ်းကိုနိုင်ဖြစ်သည်။

ကိုချမ်းကပဲ နှင်းအိကိုဦးစွာသတိထားမိခဲ့သည်။ချမ်းကိုနိုင်သည် ပဲခူးတိုင်း ဧရာဝတီတိုင်းမှာတော့ ပွဲအများဆုံးတီးခတ်ရသော ဂီတဆရာ။ရန်ကုန်အဆိုတော်တွေလာရင် သူနဲ့ပဲပွဲသွင်းရသော ရွှေတံဆိပ် အထပ်ထပ်ဆုရှင်။

နှင်းအိကို တွေ့တွေ့ချင်းမှာပဲ ကိုချမ်းက သူတို့အဖွဲ့နဲ့လက်တွဲဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ကီးဘုတ်အကောင်းစားကြီး ဂစ်တာအကောင်းစားကြီးတွေ တွေ့တော့ နှင်းအိလည်းရင်ခုန်သံဗြောင်း ဆန်သွားခဲ့သည်။ တကယ်လည်း နှင်းအိက ရော့ခ်ကိုခုံမင်နေပြီ။မြန်မာသံတွေဆိုရတာ အလုပ်သဘောပေမယ့် သူတကယ့်စိတ်ဝိညာဉ်က ရော့ခ်ဖြစ်ကြောင်း မိမိကိုယ်ကို နားလည်စပြုလာနေပြီ။

အပျိုဖြန်းလေးက အရာရာစိမ်ခေါ်မှုတွေပြည့်နေသော ဂီတလောကကို ဝင်တိုးဖို့ နှလုံးသားကို သ ထားခဲ့ပြီ။ပိန်ရှည်ရှည်ရှစ်တန်း ကျောင်းသူလေးသည် တဖြည်းဖြည်းရင့်ကျက်လာခဲ့သည်။ယောက်ျားလေးလိုလည်း ကို့ယို့ကားယား လမ်းမလျှောက်တော့ပြီ။

(F)

ဒီလိုနဲ့. . ချမ်းကိုနိုင်ရဲ့ရွှေဂန္တဝင်တေးဥယျာဉ်အဖွဲ့မှာ ပင်တိုင်အဆိုတော်ဖြစ်လာခဲ့သည်။Rock ကျားရိုင်းမလေးရဲ့မာန်ဖီသံက မြစ်ဝမြေနုကျွန်းတွေတဝိုက် တစ်စတစ်စ ကျယ်လောင်ထစ်ချုန်းလာခဲ့လေသည်။ဧရာဝတီရဲ့ဖြူဖြူကျော်သိန်း ဧရာဝတီရဲ့နီနီခင်ဇော်ဖြစ်လာလေသည်။တစ်ဧက သာသာပြောင်းခင်းကလေးပိုင်သော မိဘနှစ်ပါးလည်း သူမလုပ်အားခနဲ့ အသက်ရူချောင်လာခဲ့သည်ဆိုပါတော့။

ကြာတော့လည်း တက်လူပီပီ ဒုတိယဖြူဖြူကျော်သိန်းမဖြစ်ချင်တော့။နှင်းအိအိဝင်းသည် နှင်းအိအိဝင်းဖြစ်ဖို့ စိတ်ကူးအမြူတေကရင့်မှည့်လာလေသည်။သို့သော်လမ်းစက မပေါ်ခဲ့သေး။

ဒီလိုနဲ့. . ရှစ်တန်းကလေးမလေးက ဟင်္သာတတက္ကသိုလ်မှာ ပထဝီဒုနှစ်ကျောင်းသူ အပျိုကြီးဖားဖားဖြစ်လာခဲ့လေသည်။ကိုချမ်းရဲ့ရွှေဂန္တဝင် bandကလည်း ဟင်္သာတမှာအခြေစိုက်တော့ ပွဲတွေဆိုရင်း ကျောင်းတက်ရင်းနေခဲ့သောနှစ်များ။

တစ်ခါမှာတော့ ကျောင်းအားရက်တစ်ရက်ဖြစ်လိမ့်မည်။ ဟင်္သာတက ကိုတိုးကြီး(တိုးလှိုင်ဝင်း)ဂစ်တာသင်တန်းက home studioလေးမှာ သူမသီချင်းတစ်ပုဒ်လာဆိုသည်။ဆုန်သင်းပါရ်ရဲ့ချယ်ရီမြို့။ထိုနေ့ကပဲ ကျွန်တော်တို့တွေ့ဆုံမိတ်ဆွေဖြစ်ရသည်။သူပုံက Rockerတစ်ယောက်နဲ့မတူ။ရပ်ကွက်ထဲက ကုန်စုံဆိုင်မှာဈေးလာဝယ်တဲ့ ပုံမျိုး။သူဆိုလိုက်တော့မှ သူ့vocal ကို ကျွန်တော်ရော ကိုတိုးကြီးပါ အထိတ်တလန့်လက်ခံလိုက်ရတော့သည်။ထိုvdieo ကျွန်တော့်wallပေါ်မှာရှိပါသည်။

သူမကို မြန်မာidol ဝင်ဖို့တိုက်တွန်းကြရသည်။သူမက ကျောင်းတစ်ဖက်ရှိကြောင်း လက်ငင်းပိုက်ဆံရနေသောshowပွဲတွေရှိကြောင်း မအားလပ်တာရှင်းပြနေသေးသည်။

သူ့ဆရာချမ်းကိုနိုင်ကတော့ နှင်းအိ သဘောပါတဲ့။လောလောဆယ်အခြေအနေက နှင်းအိမပါရင် bandကိုပွဲငှားတွေက ငြိုငြင်နိုင်သည်။ရန်ကုန်သွားဖို့ ကုန်ကျစရိတ် နေရေးထိုင်ရေးတွေလည်းရှိသေးသည်။မည်သို့ဖြစ်စေ idolဝင်ပြိုင်ဖို့ဆုံးဖြတ်ချက်တော့ ချနိုင်ခဲ့လေသည်။

(G)

“ညီမလေး idolဝင်ပြိုင်မယ့် ကုန်ကျစရိတ်တွေ ကိုကြီးတာဝန်ယူတယ် အဝတ်အစားကြိုက်တာဝယ် ကားတစ်စီးပေးထားမယ် ရန်ကုန်မှာ ကိုကြီးကွန်ဒိုမှာနေလို့ရတယ် ညီမလေးအောင်မြင်ရင်သာ ကိုကြီးစေတနာကို သိတတ်ဖို့ပဲ” အဲယားကွန်းရုံးခန်းကြီးက အေးစက်နေသည်။ဟင်္သာတကလုပ်ငန်းရှင်သူဌေးတစ်ယောက်ရဲ့ရုံးခန်းဖြစ်သည်။နှင်းအိက ရှေ့ကကော်ဖီခွက်ကိုသာ ငေးလို့ရယ်။

စကားသံတွေက မကြားတစ်ချက် ကြားတစ်ချက်။”အနုပညာလောကဆိုတာ အမှီကောင်းမှ အောင်မြင်မှာညီမရဲ့ဒါရိုက်တာတွေ တေးရေးဆရာတွေနဲ့လည်း မိတ်ဆက်ပေးမယ်လေ”

နှင်းအိအနေဖြင့် ပြန်ပြောရန်စကားလုံး မရွေးချယ်တတ်ခဲ့။အရူးအမူးအောင်မြင်လိုစိတ်ကိန်းအောင်းနေပြီဖြစ်သော မိန်းမပျိုတစ်ယောက်နဲ့ ဘာမဆိုကူညီမယ်ပြောနေတဲ့ လုပ်ငန်းရှင်သူဌေးတစ်ယောက်ရဲ့ စကားဝိုင်းက တဖက်သတ်ဆန်နေသည်။လူတွေပြောကြတဲ့ စပွန်ဆာဆိုသောစကားလုံးကို နားနဲ့ဆတ်ဆတ်ကြားရဖူးပြီ။

လုပ်ငန်းရှင်သူဌေးက သူ့ရဲ့ကြွယ်ဝမှုနဲ့အဆက်အသွယ်ကောင်းမှု Voteလုပ်ပေးနိုင်တဲ့ငွေကြေးပမာဏတွေကို ရှင်းပြနေခဲ့သည်။”လောလောဆယ် သုံးဖို့ယူထားလေ”စိမ်းဖန့်ဖန့်တစ်အုပ် ချထားပေးခဲ့သည်။

ထိုအဖြစ်အပျက်က မိန်းကလေးတစ်ယောက်ရဲ့ ဂီတအပေါ်ထားသော သစ္စာတရားနဲ့မာန ကိုဖော်ထုတ်လှစ်ပြနိုင်ခဲ့သည်။

သူဌေးရုံးခန်းကပြန်လာတော့ နှင်းအိမှာစက်ရုပ်တစ်ရုပ်လို အသက်မပါသောလှုပ်ရှားမှုနဲ့။ထိုညနေက ရွှေဂန္တဝင်ဝိုင်းသားတွေ meeting လုပ်ကြသည်။

နှင်းအိက”ကျွန်တော်ရန်ကုန်သွားရင် ကျောင်းလည်းပျက်မယ် bandအတွက်လည်းအခက်အခဲဖြစ်မယ် ကုန်ကျစရိတ်လည်းများမယ်”

သူမက တစ်ခါတလေ စကားပြောရင်ကျွန်တော်ကျွန်တော်နဲ့။ကိုချမ်း ကိုသက် တခြားအဖွဲ့သားတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။ကိုသက်က. .”bandအတွက်တော့ မငဲ့နဲ့ညီမလေး”ထိုစဉ်ချမ်းကိုနိုင်က ပြတ်ပြတ်သားသားပြောလိုက်သည်။”နှင်းအိရန်ကုန်သွားဖို့ ငါတို့အဖွဲ့တာဝန်ယူတယ် ပိုက်ဆံစုထည့်ကြမယ် အောင်မြင်ရင်လည်း တို့အဖွဲ့အောင်မြင်တာပဲ”ထိုစကားမှာ နှင်းအိဘဝတွင် သမိုင်းဝင်စကားဖြစ်လေသည်။အဖွဲ့သားတွေက ကြွယ်ပိုးကြွယ်ဝတော့မဟုတ်။တစ်ယောက်တစ်သောင်းစ နှစ်သောင်းစ နိုင်သလောက်စုထည့်သောပုံစံမျိုး။နှင်းအိရဲ့ စပွန်ဆာက သူရဲ့ရွှေဂန္တဝင်တေးဂီတအဖွဲ့။ဒီလိုစုပေါင်းအားနဲ့ပဲ ပိုက်ဆံလေးကျစ်ကျစ်ဆုပ်ကာ မြန်မာidolသို့ နှင်းအိထွက်ခဲ့လေသည်။

ချယ်ရီမြို့ထဲက စာသားအတိုင်း..”ဒါအနာဂတ်အတွက်ပါ နင်စွန့်ပြီးသွားခဲ့တော့လည်းလေ. . . .”.

ညီမလေးရေ နောက်အပတ်မှဆက်ရေးမယ်နော်။(၇.၁၁.၁၉ ညlive။နှင်းအိအိဝင်းVote77707ကိုအားပေးသူများshare copy လုပ်ပေးစေလိုပါတယ်။)

စုမောင်မောင် ၇.၁၁ ၁၉

Loading...
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close